ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ 

မြစ်ကြီးနား ဇူလိုင် ၉

ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ကွင်းဆင်းဟောပြောလျက်ရှိရာ ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်ရှိ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မင်းမင်းဦး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ဦးစီးမှူး(ပြည်သူ့ကျန်းမာ) ဒေါက်တာ လှိုင်လှိုင်ဌေးနှင့် ဒုတိယပြည်နယ်ဦးစီးမှူး (ရောဂါနှိမ်နင်းရေး)ဒေါက်တာ ဇော်ရိန် တို့က တက်ရောက်လာသူများအား ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ဒေါက်တာ လှိုင်လှိုင်ဌေးက မြန်မာနိုင်ငံအတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့မှုနှင့် လက်ရှိ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများအား ရှင်းလင်းတင်ပြပြီး ဒေါက်တာဇော်ရိန်မှ ကချင်ပြည်နယ်အတွင်း နှစ်အလိုက် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု၊ ၂၀၂၃ ခုနှစ်တွင် ဇူလိုင် ၆ ရက်‌နေ့အထိ သွေးလွန်တုတ်ကွေးရောဂါပိုးတွေ့ရှိမှု အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ပိုးလောက်လန်းနှိမ်နင်းခြင်း လုပ်ငန်းများအား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုများအား တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဒေါက်တာ ဇော်ရိန် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားအိပ်ဆောင်၊ ကျောင်းသူအိပ်ဆောင်များရှိ ရေချိုးခန်း၊ အိမ်သာ၊ သန့်စင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းရှာဖွေနှိမ်နင်းခြင်းများ ဆောင်ရွက်ကာ ဒေါက်တာ လှိုင်လှိုင်ဌေး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက နည်းပြများနှင့် ကျောင်းသား/သူများအား ကိုဗစ် - ၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)