မိုင်းဆတ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယမန်နေ့နံနက် (၉)နာရီခွဲ က မြို့မရဲစခန်းတွင် စစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ တို့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား (၅၈)ဦးအနက် ပထမသုတ်အနေဖြင့် အထူးရဲသင်တန်းသား (၄၅)ဦးတို့၏ နှာခေါင်းတို့ပတ် နမူနာရယူ၍ Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးခဲ့ရာ သင်တန်းသား(၄၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်းနှင့် ကျန်ရှိသူများအား ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)