မော်လမြိုင် ဇူလိုင် ၈
မွန်ပြည်နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပရဝုဏ်များ စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပမှုရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ၈ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ စိမ်းလန်းစိုပြေမှုရှိစေရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)