စဉ့်ကူးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

စဉ့်ကူး ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ချက်များအကြောင်းကို ကျောင်းသား/ကျောင်းသူများ အားကျအတုယူပြီး နိုင်ငံတော်အကျိုး သယ်ပိုးထမ်းဆောင်နိုင်သော သားသမီးရတနာလေးများဖြစ်လာကြစေရန် ရည်ရွယ်၍ အသိပညာပေး‌ ဟောပြောခဲ့သည်။

ထို့နောက် စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၅)ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးနှင့် ဉာဏ်စမ်းဟေဠိပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ(၂၀)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိနှင့် အ.ထ.က (စဉ့်ကူး)မှ ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)