မြစ်ကြီးနား ဇူလိုင် ၈
ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
စီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုစီမံကိန်းသည် ကျေးလက်နေမိသားစုများအတွက် အသေးစားကုန်ထုတ်လုပ်ငန်း ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးအတွက် သင်တန်းပေါင်း ၁၅၅ မျိုးကို တိုးချဲ့ဖွင့်လှစ်၍ အတတ်ပညာများ သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော အရင်းအနှီးပစ္စည်းများကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သဖြင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထုတ်ကုန်ပစ္စည်းများကိုလည်း စနစ်တကျ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဈေးကွက်ရှာဖွေ ချိတ်ဆက် ပေးသွားမည်ဖြစ်သည့်အတွက် အသေးစားလုပ်ငန်းရှင်များစွာ ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် ပုဂ္ဂလိကအသေး စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်အသေးစားနှင့် စက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးမောင်မောင်စိုးက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လက်စွဲစာစောင်ပါအချက်အလက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်သွားမည့် အစီအမံများ၊ စီမံကိန်းနယ်မြေဒေသ၊ ကျေးရွာများရွေးချယ်အတည်ပြုသည့် လုပ်ငန်းစဉ်များ၊ ဒေသနှင့်ကိုက်ညီသည့် စီမံကိန်းလုပ်ငန်းများ ရွေးချယ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ပါဝါပွိုင့်ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက စီမံကိန်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဒေသထွက်အသီးအနှံ အစားအသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ထုတ်ပိုးမှုပုံစံစနစ်တကျဖြင့် ဈေးကွက်ဝင်ပစ္စည်းများ ဖြစ်ပေါ်လာရန် ဦးစားပေးအားပေးဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေး တင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရမည့် ပြည်နယ်အတွင်းရှိ ကျေးရွာ(၉)ရွာတွင် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)