ပုဗ္ဗသီရိ ဇူလိုင် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက လူငယ်များက အနာဂတ်အတွက် လူသားအရင်းအမြစ်များဖြစ်သည့်အတွက် ငယ်စဉ်ကစ၍ ဗလငါးတန်းနှင့်ပြည့်စုံဖို့လိုပါကြောင်း၊ ဒါမှသာလူ့ဘောင်အဖွဲ့အစည်းကို အတွေးအခေါ်ကောင်းများနှင့် တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ ယခုဟောပြောပွဲတွင် စာရေးဆရာများက မိမိတို့၏အတွေ့အကြုံများကို လက်ဆင့်ကမ်းမျှဝေသွားမှာဖြစ်သည့်အတွက် မှတ်သားလိုက်နာကြဖို့ ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ ချယ်ချယ်(YU)က “လူငယ်နှင့်ပညာရေး” ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်-တက္ကသိုလ်)က” လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်သုတ၊ ရသစာအုပ်များနှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)