ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် ဇူလိုင်

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)  လုပ်ငန်းများအား တိုးတက်စေရေး အားပေး၍ ပြည်တွင်းလိုအပ်ချက်များကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်သည်အထိ ကြိုးစားအကောင်အထည်ဖော်ရန် အားပေးမြှင့်တင်လျက်ရှိသကဲ့သို့  မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွါးရေးလုပ်ငန်း (MSME)များအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများ တိုးမြှင့်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် ဒေသထွက်ကုန်လုပ်ငန်းများ ဈေးကွက်ပိုမိုရရှိရေးနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသည့် အတိုင်း ဒေသထွက်ကုန်လုပ်ငန်းများ ပိုမိုအဆင့်မြှင့်တင် ထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁၃ နာရီက   ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မိုးလှိုင်က MSME လုပ်ငန်းတွင် အကျုံးဝင်သည့် လုပ်ငန်းအမျိုးအစားများအကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများအကြောင်း ဆွေးနွေးပြီး ပြင်ဦးလွင်မြို့မှ MSME လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် “ကောင်းထက်”ဆေးဘက်ဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းလုပ်ငန်းနှင့် maymyo Purcell မေမြို့ဒေသထွက် နှပ်ကော်ဖီ၊ ကော်ဖီနှင့် မက္ကာဒေးမီးယားလှော်စေ့များ ထုတ်လုပ်သူ ဦးစိုးသိန်းက  လုပ်ငန်းစတင်ခဲ့သည့် သမိုင်းကြောင်း၊ MSME လုပ်ငန်းအနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ခဲ့ဖြင့်သ ရရှိလာသည့် အကျိုးကျေးဇူးများ၊  MSME လုပ်ငန်းတစ်ခုအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် အဓိကထား ဦးစားပေးလုပ်ဆောင်သင့်သည့် အရာများ၊ လုပ်ငန်းတွင် တွေ့ကြုံရသော အခက်အခဲများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် သိသင့် သိထိုက်သည့် အသိပညာပေးအကြောင်းအရာများအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေး အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင်၊ ပြန်/ဆက်)