ကျောက်တလုံးကြီး ဇူလိုင် ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ နယ် ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြား နေသော ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ပြီး ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ပြည်ထောင်စုအဆင့်သို့ တင်ပြရမည်ဆိုပါက တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အဆင့်ဖြင့် ဖြေရှင်းရမည်ဆိုပါက ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စည်သူ(ပြန်/ဆက်)