မိုင်းဖြတ်မြို့၌ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့်စစ်ဆေး

မိုင်းဖြတ်  အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Antigen (RDT) Test Kit ဖြင့်စစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခွဲအချိန်ခန့် က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်ရေးပြကွင်းတွင် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်မျိုးဇော်တို့က စစ်ဆေးမှုများကို ကြည့်ရှုပြီး အထူးရဲသင်တန်းသားများကို အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့်ဝန်ထမ်း များက အထူးရဲသင်တန်းမှူးတစ်ဦးနှင့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြို့နယ်အတွင်းရှိ မဲရုံပေါင်း ၃၉ ရုံ တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းသား ၄၁ ဦး ၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်း တို့ဖတ်များကို နမူနာရယူ၍ Antigen (RDT) Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)