မိုင်းယောင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယောင်း  အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့တွင်းလမ်းဆုံနေရာများ၌ အများပြည်သူ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းနှင့် ဝန်ထမ်းများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ထုတ်ဝေသည့် သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ အတူတကွ မဲပေးကြပါစို့၊ မဲစာရင်းစစ်ဆေးပါ စသည့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်သူများ အနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်စာရင်းများကို အွန်လိုင်းမှတဆင့် ကြည့်ရှုစစ်ဆေးနိုင်သည့်အကြောင်းများကိုလည်း ရှင်းပြခဲ့သည်။

ထို့အပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲအတွက် ပြည်သူများ သိသင့် သိထိုက်သည့် အချက်လက်များ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်များမပါရှိပါက ဖြည့်စွက်ရန် လိုအပ်မယ့် ပုံစံများအကြောင်း၊ ပြင်ဆင်ရန်နှင့် အချက်အလက်များ မှားယွင်းနေခြင်းတို့ရှိပါက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားစဉ်အတွင်း သတ်မှတ်ပုံစံများဖြင့် ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ကြောင်း သိကောင်းစရာများ၊ မိမိတို့၏ မဲစာရင်းများကို အွန်လိုင်းကတဆင့် ကြည့်ရှုသည့်နည်းလမ်းများ၊ မိမိအမည်စာရင်းများ ပါ/မပါ စစ်ဆေးရန် တိုက်တွန်းချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး အကြောင်းများကိုလည်း ပြသထားရှိကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)