မတ္တရာမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော နွေစပါးစံကွက်ရိတ်သိမ်း

မတ္တရာ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့ သော လက္ကောင်းကြီးကျေးရွာအုပ်စု သပြေပင်ကုန်းကျေးရွာ ကွင်းအမှတ် ၂၂၇က၊ ဦးပိုင်အမှတ်(၃၉) တောင်သူ ဦးဝင်းမြင့်ထွန်း၏ ရက်(၁၁၀) စပါးမျိုးအား ယနေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမင်းသော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧက အခြောက်တင်း ၁၂၁.၉တင်း ထွက်ရှိခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးသည် မတ္တရာမြို့နယ်မှ ဝန်ထမ်းများ၊ ခတက်ချဉ်စိုက်ကွင်းမှူး၊ အမှတ်(၂၂)ရေနံ့သာ စိုက်ကွင်းမှူးများ နှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေး အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မတ္တရာမြို့နယ်၌ နွေစပါးစိုက်ဧက ၄၇၉၆၄ဧက စိုက်ပျိုးခဲ့ရာတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၇၂၀၉ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)