နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော် ဇူလိုင် ၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်း၊ ဇမ္ဗူသီရိခန်းမ ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေး ဦးတည်ချက် (၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာမှာ “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင် နိုင်ရေး ဒေသထွက်ကုန်ကြမ်း များကို အခြေခံသည့်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဆိုသည့် အချက်ဟာ ယနေ့ပြုလုပ်သည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် လွန်စွာကိုက်ညီသည့် ဦးတည်ချက်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံ စီးပွားမြှင့်တင်ရေးရန်ပုံငွေကို မတည်ထူထောင်ထားရှိပြီး နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ချေးငွေကို အကျိုးရှိ ထိရောက်စွာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အသုံးပြုပြီး သတ်မှတ် ကာလအလိုက် အရင်း၊ အတိုး မှန်ကန်စွာ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်ပါကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်သည် ဆီစက်လုပ်ငန်းရှင်များအတွက်သာမက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နေကြသည့် တောင်သူလယ်သမားများအတွက်လည်း အကျိုးရှိမှာ ဖြစ်သည့်အတွက် ဆီစက်လုပ်ငန်းရှင် များ၊ တောင်သူများ၊ ဌာနဆိုင်ရာများ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ပေးနိုင်ရေး စိစစ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ဆီစက်ချေးငွေ အဆိုပြုလျှောက်ထားသည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့်မှတ်တမ်း Video Clip အား ပြသသည်။ ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးခွင့်ရရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့မှ ရန်နိုင်ဆီစက်လုပ်ငန်းရှင် ဦးရန်နိုင်ဝင်း၊ စိန်စီဆီစက် လုပ်ငန်းရှင် ဦးထွန်းမြင့်ဦး၊ ဦးကျော်သန်း ဆီစက်လုပ်ငန်းရှင် ဦးကျော်သန်း(ခ) ဦးသန်းကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ သိဒ္ဓိဆီစက် လုပ်ငန်းရှင် ဦးအောင်သူဝင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ မျိုးအောင် ဆီစက်လုပ်ငန်းရှင်ဦးမျိုးကြည်၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှ မြေလတ်ဆီစက်လုပ်ငန်းရှင် ဦးတင်မြင့်၊ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှ မောင်ကောင်း ဆီစက်လုပ်ငန်းရှင်ဦးတိုးနိုင်၊  ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှ မြတ်သုခဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေ တို့အား ချေးငွေပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆီစက်လုပ်ငန်းရှင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ခင်းကျင်းပြသထားသည့် ဆီစက်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး မှတ်တမ်းဓာတ်ပုံပြဘုတ်များကို ကြည့်ရှုအားပေးကြသည်။

ယနေ့ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် (၅)ခုမှ ဆီစက်လုပ်ငန်းရှင် (၈)ဦးတို့ကို PFI ဘဏ်(၂)ဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေ ကျပ် (၇၉၃)သန်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တပ်ကုန်း မြို့နယ်အတွင်းရှိ   စိန်စီဆီစက်နှင့် ဒေါင်းမင်းဆီစက်တို့သို့ သွားရောက်၍ ဆီစက်လည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုကာ လိုအပ် သည်များကို မှာကြာပြီး မဟာသီဟနာဒကျောင်းတိုက်သို့သွားရောက်ကာ နိုင်ငံတော်ဩဝါဒါစရိယ၊ နေပြည်တော် တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)