ကျောက်မဲမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့

ကျောက်မဲ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြားဒေသမှ လာသည့် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်း ၁၃၀  ကျော်ကို အောက်တိုဘာ ၁၀ ရက်နေ့က  ဓါတ်ခွဲနမူနာယူပြီး ကိုဗစ်၁၉ပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာကန့်သတ်ထားရှိသည့် ပညာရေးဝန်ထမ်းတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်း  ကျောက်မဲခရိုင် ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်း သိရသည်။

ရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၌  တာဝန်ထမ်းဆောင်မည့် အခြားနယ်မှ (ရောဂါအဖြစ်များသ ည့်ဒေသ) လာသည့် ပညာရေးဝန်ထမ်းများကို အမှတ် ၁ နှင့် အမှတ် ၄ အခြေခံပညာအထက်တန်း ကျောင်းများတွင် အသွားအလာ ကန့်သတ်ထားရှိပြီး ဓါတ်ခွဲနမူနာများရယူကာ ကိုဗစ်၁၉ ပိုး ရှိ/မရှိ စစ်ဆေးပေးရာမှ ပညာရေးဝန်ထမ်းတစ်ဦးတွင် ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆရာမသည်  ရန်ကုန်ဘက်မှလာသည့်သူဖြစ်ပြီး ၎င်းအားကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးရှိ Isolation Ward တွင် ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၌ လျာထားမဲရုံ ၁၁၁ ရုံရှိပြီး ယင်းမဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့် ပညာရေးဝန်ထမ်း စုစုပေါင်း ၁၁၃၅ ဦး လျာထားကြောင်း ဒုတိယ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်လင်းထံမှ သိရသည်။

ကျောက်မဲမြို့နယ်အတွင်း မဲရုံတာဝန်ထမ်းဆောင်ရန်  ကိုဗစ်-၁၉ ရောဂါ အဖြစ်များသည့်ဒေသမှ  ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများကို သတ်မှတ်နေရာများတွင် စနစ်တကျအသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ထားကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)