စစ်တွေ ဇူလိုင် ၇
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ မိုခါမုန်တိုင်းဘေးသင့် တောင်သူများအား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ရွာသစ်ကေကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီးမှုများအား လျောက်ထား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည့် စစ်တွေမြို့နယ်မှ မိုခါမုန်တိုင်းဘေးသင့် တောင်သူများအားမျိုးစပါးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းသော မျိုးစပါးများကို အချိန်မီ ပို့ဆောင်ပေးပြီး အချိန်မှီထွန်ယက်စိုက်ပျိုးနိုင်ရန်၊ မုန်တိုင်းဒဏ် ထိခိုက်မှုများသည့်နေရာများတွင် လယ်ထွန်စက်များ အသုံးပြု၍ အချိန်မှီစိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ပေးထားပါကြောင်း၊ ယခုမျိုးစပါးများသည် အထွက်နှုန်းအလွန်ကောင်းသော မျိုးစပါးများဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီတွင် တောင်သူများမျိုးလိုအပ်ခြင်းကြောင့် စိုက်ဧကများ လျော့နည်းခြင်း မရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မျိုးစပါးများကို နေပြည်တော်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်း ဒေသကြီးများမှ ဝယ်ယူပြီး ရခိုင်ပြည်နယ်ရှိ မျိုးစပါးလိုအပ်ချက်ရှိသည့် မြို့နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့နယ်မှာ လည်းယခုကဲ့သို့ တောင်သူများအား ထောက်ပံ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ မျိုးစပါးလက်ခံရရှိသည့် တောင်သူများအနေဖြင့် ရရှိသည့်မျိုးစပါးများ လေလွင့်ပျက်စီးမှု မရှိစေရန် ထိန်သိမ်းခြင်း စနစ်တကျပျိုးထောင်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့်မျိုးစေ့များဖြစ်သည့်အတွက် လာမည့်နှစ်များတွင်လည်း ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် မျိုးထိန်း စိုက်ပျိုးခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသခံတောင်သူများဟင်းသီးဟင်းရွက် စားသုံးမှုဖူလုံစေရန်နှင့် မိမိအိမ်ခြံဝန်းအတွင်း တပိုင်တနိုင် စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်များကို တပ်ရင်းတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသို့ ထောက်ပံ့ပေးပို့ခဲ့ကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများအနေဖြင့် မိမိတို့အိမ်ခြံဝင်းအတွင်းမှာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးခြင်း၊ ပြုစုခြင်းဖြင့် မိမိစိုက်ပျိုးသည့် သီးနှံပင်များမှရရှိသော အာဟာရဓာတ်ပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ဟင်းသီးဟင်းရွက်များကို လတ်ဆတ်စွာ စားသုံးရမည့်အပြင် ပိုလျှံအသီးအနှံများအား မိမိအိမ်နီး နားချင်း၊ ပတ်ဝန်းကျင်များအား ဝေငှပေးနိုင်သကဲ့သို့ ပိုလျှံခြင်းများအား ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်ဦးချင်းစီ စိုက်ပျိုးကြခြင်းဖြင့် တစ်ရွာလုံး ဖူလုံလာမည်ဖြစ်သကဲ့သို့ တစ်ရွာမှ တစ်မြို့နယ်လုံး ဖူလုံလာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အထွက်နှုန်းအလွန်ကောင်းသော မျိုးစပါးများကို ယုံယုံကြည်ကြည်ဖြင့် နည်းစနစ်မှန်ကန်စွာလိုက်နာ စိုက်ပျိုးကြစေလိုကြောင်းနှင့် လိုအပ်သောနည်းစနစ်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးပေးမည်ဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများ၊ တောင်သူ ဦးကြီးများ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက တောင်သူများ နှင့် ကျေးရွာသူ၊ ကျေးရွာသားများအား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုပေးအပ်ကြရာတောင်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်း အနားသို့တက်ရောက်လာကြသူများအား သီးစုံဒံပေါက်များ ပေးအပ်ကြကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသော မိုခါမုန်တိုင်းဘေးသင့် တောင်သူများအား မျိုးစပါးနှင့်ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီးပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက တောင်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများ အား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကို ပေးအပ်ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့သွားရောက်ပြီး အသက်(၅)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သီးစုံဒံပေါက်များပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား လှည့်လည် ကြည့်ရှုအားပေးပြီး ကျောင်းအတွက် လိုအပ်သည်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်မင်္ဂလာကြိုးတံတားပြန်လည်ပြု ပြင်ခြင်းလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကြိုးတံတားပြုပြင်တည်ဆောက်မှုတာဝန်ခံ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်) အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်က ကြိုးတံတားပြန်လည်ပြုပြင်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ၎င်းကြိုးတံတားမှာ အရှည် ၃၂၀ ပေ၊ တံတားအကျယ် ၇ ပေ ၆ လက်မ၊ တံတားအောက်ကင်းလွတ်အမြင့် ၁၃ ဒသမ ၁၃၄ ပေရှိပြီး၊ နိုင်ငံတော်အစိုးရထံမှ ခွင့်ပြုငွေကျပ်(၇၉ ဒသမ ၆၅၉ ကျပ်သန်း)ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေခြင်းဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာအနီး၌ Advanced Seafood Industries ကုမ္ပဏီ၏ ကဏန်းပျော့မွေးမြူထုတ်လုပ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ကဏန်းပျော့ မွေးမြူရေးကန်များ၊ ကဏန်းမွေးဖောင်များ၊ ကဏန်းအစာကျွေးခြင်းနှင့် ကဏန်းပျော့ ကောက်ခြင်း၊ ကဏန်းရေချိုဆေးသန့်စင်ခြင်း၊ အေးခဲခြင်း၊ သိုလှောင်ခြင်းနှင့် ပြည်ပသို့တင်ပို့ရောင်းချရန် ထုပ်ပိုးပြင်ဆင်ခြင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်ပြီး ရှင်းလင်းတင်ပြချက်များအပေါ်လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)