လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ်နှင့် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၆၂ ဦးအား ကိုဗစ်ကာကွယ်ဆေးထိုးနှံ

လယ်ဝေး ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရန် အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇွန် ၂၆ ရက်မှ စတင်ထိုးနှံ လျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား ယနေ့နံနက်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ KG တန်း အသက် ၅ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူလေးများအား ပထမအကြိမ် ကာကွယ်ဆေး၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား (Booster Second Dose) ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို KG ကျောင်းသား၊ ကျောင်းသူ ၁၀၁၂ ဦးနှင့် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၁၇၅၀ ဦး တို့အား ထိုးနှံပေးခဲ့ပြီး ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)