မိုးကောင်း ဇူလိုင် ၇
ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း၊ နေ့လယ်(၂)နာရီတွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌လည်းကောင်း ကျင်းပ ခဲ့သည်။
ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ငလျင်ဘေးအန္တရာယ်၏ သဘောသဘာဝကို အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်စေရန်နှင့် လူ့အသက်၊ အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာနှင့် မိုးကောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့် တို့က အဖွင့်အမှာစကားပြောကြားသည်။
ယခုကဲ့သို့ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းအားဖြင့် လက်တွေ့ကျသော အသိပညာများရရှိကာ ကြိုတင်ပြင်ဆင်၊ ကာကွယ်မှုများ အားကောင်းလာနိုင်ပြီး ငလျင်ဘေးအန္တရာယ်ဖြစ်လာလျှင် ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ သိရှိနားလည်ကာ ဆုံးရှုံးမှုအနည်းဆုံးနှင့် လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူက အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် မိုးကောင်းမြို့၏ အနောက်ဘက်(၄၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ ဒဿမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားသည့် အစီအစဉ်ဖြင့် အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အဆောက်အဦးအတွင်းမှ အပြင်သို့(၅)စက္ကန့်အတွင်း ပြေးထွက်ပြီး ဘေးလွတ်ရာသို့ နေရာယူခြင်း၊ တစ်ချိန်တည်းတွင် ကျောင်းသား၊ ကျောင်းသူအချို့က ဝပ်၊ ကာ၊ ကိုင် အနေအထားဖြင့် မိမိကိုယ်ကို ဘေးကင်း လုံခြုံအောင်နေရာယူခြင်း၊ ငလျင်လှုပ်ခတ်သွားသည့်အတွက် အဆောက်အဦးပြိုကျပြီး ကျောင်းသားများပိတ်မိနေကြောင်း သိတင်းရရှိ၍ အသင့်စုဖွဲ့ထားသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူထိခိုက်မှုရှိမရှိနှင့် ပစ္စည်းဆုံးရှုံးမှုစစ်ဆေးပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ခြင်းစသည့် လေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပညာရေး ဝန်များ တက်ရောက်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)