မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင်ရှမ်းပြောင်းခေါ်(ရောင်စုံပြောင်း) စိုက်ပျိုးသူများပြား

မိုးနဲ ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်နေ ဦးဇော်မင်းထွန်း၏ ယာခင်း၌ တစ်နိုင်တစ်ပိုင် ရှမ်းပြောင်းခေါ် (ရောင်စုံပြောင်း)များကို ဧပြီလ နှောင်းပိုင်းတွင် စတင်စိုက်ပျိုးထားရာ မကြာမီ ခူးဆွတ်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြောင်းများကို စတင်စိုက်ပျိုးရာတွင် အတန်းလိုက်စနစ်ဖြင့် တစ်ပေခြားခန့်မှန်း မြေတူးစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး ၂ ပတ်ကြာချိန်တွင် မြေဆွ၍ ပိုးသတ်ဆေး ပတ်ဖြန်းပေးထားကြောင်း၊ ၁ လကြာချိန်တွင် အပင်ကြီးထွားနုန်းကောင်းစေရန် ပုလဲမြေသြဇာကို ကြဲပတ် ပေးခဲ့ကြောင်း၊ နေ့စဥ်ရေလောင်းပေးခဲ့ရကြောင်း၊ ယခုအချိန်တွင် အပင်များအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး မကြာမီခူးဆွတ်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း၊ သခွားစိုက်ခင်းကို ခူးဆွတ်ရောင်းချပြီး အပင်ကျချိန်တွင်ခုတ်ထွင်ရှင်းလင်း၍ ပြောင်းပင်များကို ထပ်မံစိုက်ပျိုးထားကြောင်း၊ နာဟောင်ရပ်ကွက်နေ တစ်ပိုင်တစ်နိုင်စိုက် တောင်သူအများအပြား ပြောင်းများကို စိုက်ပျိုးထားကြောင်း၊ ယာခင်းများအတွင်း သခွားပင်များကိုလည်း စိုက်ပျိုးထားသေး ကြောင်းနှင့် မြို့မစျေးကြီးတွင် ပြောင်းဖူးပြုတ် (၂) ဖူး ကျပ် ၅၀၀ ထိ ရရှိနေသဖြင့် မိမိရောင်းချ ရချိန်တွင်လည်း စျေးကောင်းရရှိရန်မျှော်လင့်နေကြောင်း တောင်သူ ဦးဇော်မင်းထွန်းထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)