မော်လမြိုင် ဇူလိုင် ၇
ပြည်ထဲရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲနှင့် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမ္မာန်တော်ကြီး၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲကို ဇူလိုင်လ၆ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပရာ၊ ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့်ရေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့က Video Conferencing စနစ်ဖြင့်လည်ကောင်း၊ မော်လမြိုင်ခရိုင်ကိုယ်စားပြု မုဒုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ သထုံခရိုင်ကိုယ်စားပြု ပေါင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့မှ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမ္မာန်တော်ကြီး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပိဋကတ်တိုက် ကျောင်းဆရာတော် ဦးပညာဝံသ၊ တောင်တွင်းကျောင်း စာချဆရာတော် ဦးဘဒ္ဒိယတို့ ဦးဆောင်သည့် တာဝန်ရှိသူများက အကဲဖြတ်အမှတ် ပေးဒိုင်များအဖြစ် တာဝန်ယူ ဆောင်ရွက်ကြသည်။
ထို့နောက် ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ဇနီး၊ အရာထမ်း၊ အမှုထမ်းများ၊ ဝတ်အသင်းအဖွဲ့များက အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့်ဇနီးတို့က အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ဆရာတော်များနှင့် လူပုဂ္ဂိုလ်များအား အမှတ်တရ ဂုဏ်ပြုချီးမြှင့်ငွေ များကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ညွှန်ကြားရေးမှူး ဦးလှိုင်ထွန်းတို့က နှစ်သိမ့်ဆုရရှိသော ကျိုက်ထိုခရိုင်အသင်းနှင့် ရေးခရိုင်အသင်းတို့အားလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က တတိယဆုရ သထုံခရိုင်အသင်းအားလည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ၏ဇနီး ဒေါ်စန်းစန်းမိုးက ဒုတိယဆုရ မော်လမြိုင်ခရိုင်ကိုယ်စားပြု မုဒုံမြို့နယ်အသင်းအား လည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းက ပထမဆုရ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအသင်းအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)