မူဆယ် ဇူလိုင် ၇
မိုးရာသီကာလတွင် ခြင်မှတဆင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့်အခြား ခြင်မှတဆင့် ကူးစက်သော ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ခြင်ပေါက်ဖွားနိုင်သော ရေဝပ်သည့်နေရာများ၊ ခြင်ခိုအောင်း နိုင်သော ချုံနွယ်များကို ပရဟိတအသင်းအဖွဲ့များက ခြင်နိုင်ဆေးများကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံပက်ဖြန်းလျက်ရှိပါသည်။
အဆိုပါ ရပ်ကွက်နေအိမ်များနှင့် ကျေးရွာများသို့ ခြင်နိုင်ဆေးများ ပက်ဖြန်းဆောင်ရွက်ရာတွင် မူဆယ်မြို့၊ ကမ်းလက်ပရဟိတအသင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုပရဟိတအသင်းတို့က ဦးဆောင်၍ အခြားပြည်သူ့အကျိုးပြု ပရဟိတအသင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို အဖွဲ့အသီးသီးခွဲ၍ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျ လိုက်လံပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။ထို့အပြင် ပြည်သူ့အကျိုးပြု ပရဟိတအသင်းအဖွဲ့များက ခြင်ပေါက်ဖွားနိုင်သော ရေဝပ်သည့်နေရာများကို ပြန်လည်မြေဖို့ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သော တာယာအပျက်များ၊ ချုံနွယ်များကို ခုတ်ထွင် ရှင်းလင်းခြင်းနှင့် လူနေအိမ်များအတွင်း ခြင်ခိုအောင်းနိုင်သည့် မီးဖိုချောင်၊ အိမ်သာနှင့် အိပ်ခန်းများအတွင်းထိ စနစ်တကျ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)