ကွတ်ခိုင် ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအသင်းမှကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သောဆရာ၊ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်ထောင်စုခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်းသား” တေးသီချင်းဖြင့် ဦးစွာအခမ်းအနားကို သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ထို့နောက် စစ်ဗျူဟာအဖွဲ့(အခြေချ)ကွတ်ခိုင်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးသိန်းအောင်စိုးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများနှင့် သင်ကြားပေးခဲ့ကြသည့်ဆရာ၊ဆရာမများအား ဂုဏ်ပြုကြောင်း၊ သင်ကြားပေးခဲ့ကြတဲ့ဆရာ၊ ဆရာမများအနေဖြင့်လည်း ယခုလက်ရှိအခြေအနေထက် နောက်လာမည့်ပညာသင်နှစ်များတွင် ပိုမိုတိုးတတ်အောင် ဆက်လက်ကြိုးစားပေးကြပါရန်၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကလည်း နိုင်ငံတော်အတွက် ထူးချွန်သည့်အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ရဲမှူးကြီး လှိုင်မင်းစိုးက ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးညွန့်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးတို့ကဂုဏ်ထူးရ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့သည်။ ထို့နောက်ပညာရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအသင်းဥက္ကဋ္ဌ ဦးသူရလွင်မှအသင်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်နိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စစ်ဗျူဟာမှူးဗိုလ်မှူးကြီးသိန်းအောင်စိုးနှင့်တကွ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအသင်းအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း (၅)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၀)ဦး စုစုပေါင်း(၂၇)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ အတွင်း တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကျောင်းများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ပြန်/ဆက်)