မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာ၌ စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုများပြား

မုဒုံ ဇူလိုင် ၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်၍  စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ လယ်ယာကုန်ထုတ်မှု တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုပိုမိုများပြားလာကြောင်း သိရသည်။

ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ​မုဒုံမြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၇၄၀၀၀ ကျော် စိုက်ပျိုးရန်လျာထားပြီး မေလမှစတင်စိုက်ပျိုးခဲ့ရာ ဇွန်လအထိ မိုးစပါးစိုက်ဧက ၅၀၀၀၀ ကျော်ကို စိုက်ပျိုးပြီးစီးနေပြီးဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာပြီး မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှု ပိုမိုမြန်ဆန်ခြင်း၊ သက်တောင့်သက်သာ စိုက်ပျိုးနိုင်ကာ ပျိုးပင်များပြုစု ထိန်းသိမ်းမှုလွယ်ကူစိတ်ချရကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ထိုသို့ထွန်ယက်စိုက်ပျိုးရာတွင် တောင်သူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍ လည်းကောင်း၊ မိမိပိုင်စက်ကိရိယာများဖြင့် လည်းကောင်း စိုက်ပျိုးကြပြီး ကျန်ရှိနေသေးသည့် စိုက်ဧကများကိုလည်း အချိန်မီဆောင်ရွက်ပြီးစီးအောင် ဆက်လက်ထွန်ယက်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)