လားရှိုး ဇူလိုင် ၇
နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) တွင် ပြုလုပ်သည်။
ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူရာသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြင့်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်နှင့်ဝန်ထမ်းများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များအား အချက်အလက်ကောက်ယူခြင်း ဆောင်ရွက်နေမှု များကို လိုက်လံကြည့်ရှုအားပေးသည်။
ယနေ့တွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး၊ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ နယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏မိသားစုဝင်များ၏ အချက်အလက်စာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းကို ဇူလိုင်လ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်(၄၉၉)ဦး၏ အချက်အလက်စာရင်းများကို ကောက်ယူပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုသတ်မှတ် အစီအစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)