ရန်ကုန် ဇူလိုင် ၇
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က (၅၈၁) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့်လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားကို ဇူလိုင် ၄ ရက်မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင် ပြင်တောင် ဘက်မုခ်ရှိရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည့် ကျသဘာပတိဦးသောင်းဝင်းနှင့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်လွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတသာသနဓဇ ဓမ္မာစရိယ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လှိုင်ရတနာပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကဉ္စနထံမှ အခမ်းအနားသို့ တက်ရောက် လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချ အနုမောဒနာတရားနာယူကြသည်။
ယနေ့ ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော်၊ ရွှေပြား အလှူရှင် ၃၈ ဦးကရွှေပြား ၅၉ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၅၆ ဦး အပါအဝင် လှူဒါန်းငွေ စုစုပေါင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းလေးထောင် သုံးဆယ့်ကိုးသိန်းငါးသောင်းလေးထောင်လေးရာ လေးကျပ်တိတိဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)