တာမွေ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု (၂၅)မှ ဒုရဲမှူး အေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် ဟောပြောပွဲ အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိ သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ယနေ့ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင်လူဦးရေ (၁.၃၅)သန်းကျော် သေဆုံးနေရပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ (၃၇၀၀)ဦးခန့် ရှိတာကြောင့် တာမွေမြို့နယ်အတွင်း ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)