အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျောက်ပန်းတောင်း ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွင်၊ လူငယ်များအသိပညာ ဗဟုသုတတိုးပွားစေရန် ကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို၊ ဇူလိုင်လ(၇)ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ရီရီမွန်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းက လူငယ်နှင့်မူးယစ်ဆေးအကြောင်း သိကောင်းစရာများ ကိုလည်းကောင်း၊ အမှတ်(၉၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲအုပ်ဝိုင်းအောင်ချစ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း သိကောင်းစရာများ ကိုလည်းကောင်း၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချောစုဝင်းက ယာဉ်မောင်းသူများလိုက်နာရမည့် စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က လူငယ်နှင့်စာပေအကြောင်း သိကောင်းစရာများကိုလည်းကောင်း ဟောပြောဆွေးနွေးကြပြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်မျိုးချစ်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ဟောပြော ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ၊ ဟောပြောဆွေးနွေးကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဌာနမှူး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား(၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)