ဒလ ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃-၂၀၂၄ မိုးစပါး မျိုးစေ့ချကိရိယာ (Drum Seeder) စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရဲချောင်းဝကျေးရွာရှိ ကွင်းအမှတ် ၁၉၆(ခ)၊ ဦးပိုင်အမှတ် ၂ /၂ တောင်သူ ဦးတင်ထွန်း၏ လယ်မြေတွင် ကျင်းပခဲ့သည်။
ထို့နောက် မိုးစပါးမျိုးစေ့ချ စိုက်ပျိုးဧက ၅.၃ ဧကတွင် စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်းတိုးရေးအတွက် ကြဲခင်းစနစ်လျှော့ချပြီး မျိုးစေ့ချကိရိယာ (Drum Seeder) စနစ်ဖြင့် ပခန်းရွှေဝါ စပါးမျိုး စိုက်ပျိုးခြင်းကို လက်တွေ့ကွင်းသရုပ်ပြ စိုက်ပျိုးကြသည်။
စပါးမျိုးစေ့ချကိရိယာကို အသုံးပြုခြင်းဖြင့် စပါးမျိုးစေ့ အကုန်သက်သာခြင်း၊ အလုပ်သမားစရိတ် သက်သာခြင်း၊ အပင်များအတန်းလိုက်ဖြစ်၍ လေဝင်လေထွက် ကောင်းပြီး ပေါင်းမြက်ရှင်းရန် လွယ်ကူခြင်း၊ အောင်မြင်ဖြစ်ထွန်းသော စပါးပင်များရရှိကြောင်း စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်း များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စည်သူ