ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

ပေါင် ဇူလိုင် ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးအေးက  မိုးဦးကာလနှင့် မိုးနှောင်းကာလများတွင် ရာသီတုပ်ကွေး ဖြစ်ပေါ်လာရသည့် အကြောင်းအရာများ၊ ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်သည့် ကိုယ်အပူချိန်မြင့်တက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ချမ်းစိမ့်စိမ့် ဖြစ်ခြင်း၊ မျက်စေ့နှင့်မျက်သားနီရဲခြင်း၊ ဝမ်းချုပ်ခြင်း စသည့်များအပြင်  တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ဆောင်ရန်၊ ရှောင်ရန်အချက်များကို ပြည်သူများလိုက်နာ ဆောင်ရွက်ကြရန် စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။

ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)