ပုဗ္ဗသီရိမြို့နယ်၌ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်း မွေးမြူရေးလုပ်ငန်းအတွက် ရန်ပုံငွေကျပ်သိန်း ၁၅၀ မတည် ဆောင်ရွက်

ပုဗ္ဗသီရိ ဇူလိုင် ၇

ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝဲကြီးကျေးရွာမြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်မြစိမ်းရောင် (အသားကဏ္ဍ)ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာမြင့်သိန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဦးကျော်မင်းဆွေ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့်ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာတာ၀န်ရှိသူများမှ ဝဲကြီးကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီအား အဖွဲ့ဝင် ၉ ဦးဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။

အဆိုပါ ဝဲ​ကြီးကျေးရွာ မြစိမ်းရောင် (အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်မှုကော်မတီကို ၂၀၁၅-၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းထားရှိခဲ့ပြီး ရန်ပုံငွေ ကျပ်သိန်း တစ်ရာ့ငါးဆယ် မတည်ပေးထားခဲ့ရာ ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ မိသားစု အပိုဝင်ငွေရရှိရေး၊ ပြည်သူများ အသားငါး ပိုမိုစားသုံးနိုင်ရေးနှင့်ရန်ပုံငွေတိုးပွားရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)