အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဂဟေဆက်နည်းသင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိ ဇူလိုင် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်၍ အေးမြင့်သာယာကျေးရွာအုပ်စု၊‌ ပေါက်တော ကျေးရွာတွင် အခြေခံဂဟေဆက်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားအား အဆိုပါ ပေါက်တော ကျေးရွာရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ဇေယျာသီရိခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးမှ သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးပြည့်ဖြိုးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်တွင် သင်တန်းနည်းပြ ဆရာမှသင်တန်းတွင် သင်ကြားပြမည့် ဘာသာရပ်ခေါင်းစဉ်များအား မိတ်ဆက်ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်မှ သင်ထောက်ကူပစ္စည်းများအား သင်တန်းသားများသို့ပေး အပ်သည်။

အဆိုပါ အခြေခံဂဟေဆက်နည်းသင်တန်းအား သင်တန်းသား (၁၅)ဦးဖြင့် (၂၀)ရက်ကြာ စာတွေ့လက်တွေ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)