မြစ်ကြီးနား ဇူလိုင် ၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ကျောင်းသား ကျောင်းသူများအားဆုချီးမြှင့်ခြင်း၊ ကြီးကြပ်သင်ကြားပေးသော ဆရာ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ (စုပေါင်းရုံး)ဝန်းအတွင်းရှိ အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရှေ့တန်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အင်ဂျန်းယန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲရင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရူပဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တွင် ဂုဏ်ထူးရရှိသော မဂျာမွန်းမိုင်နှင့် ပထဝီဝင်ဘာသာရပ်တွင် ဂုဏ်ထူးရရှိသော မနာပါမွန်းပန်တို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ပညာသင်နှစ်တစ်လျှောက်လုံးတွင် အနီးကပ်ကြီးကြပ် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့သည့် မြို့နယ်ပညာရေးမှူး ဒေါ်မီမီချစ်ခင်၊ ကျောင်းအုပ်ဆရာမကြီး ဂေါ်ဘူရာနှင့် သင်ကြားပြသပေးခဲ့သော ဆရာ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ရာ ဂုဏ်ထူးရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)