မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၌ “လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ” အခမ်းအနား ကျင်းပ

မော်လမြိုင် ဇူလိုင် ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များကိုအနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သောလူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြည်နယ် လူငယ်ရေးရာ‌ကော်မတီမှကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်(၁၁)နာရီတွင် ပညာရေး‌ဒီဂရီ‌ကောလိပ်၌ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦး၀င်းခိုင်ထွန်းက “လူငယ်နှင့်အားကစားဆိုင်ရာ” အသိပညာပေး အကြောင်းအရာများအားလည်းကောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က “လူငယ်နှင့်စာပေဆိုင်ရာ“ ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထိုနောက် ပြည်နယ်ကိုယ်စားပြု ဗိုဗီနမ်အားကစားအဖွဲ့က သရုပ်ပြသခဲ့ပြီး ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်ဇော်က ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံသို့ အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်မိညိုညိုရှိန်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)