လားရှိုးမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းဖွင့်လှစ်

လားရှိုး  ဇူလိုင် ၇

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာသင်တန်းကို လူမှုဝန်ထမ်းဦးစီးဌာန၊ လားရှိုးခရိုင် လူမှုဝန်ထမ်းရုံးရှိ အမှတ်(၁)မူလတန်းကြိုကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

သင်တန်းကို ဇွန်လ ၂၈ ရက်နေ့မှစတင်ကာ ဇူလိုင် ၂၂ ရက်ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ လားရှိုးမြို့ပေါ်ရှိ  ကိုယ့် အားကိုယ်ကိုး မူကြိုဆရာမများ၊ အစိုးရမူလတန်းကြိုကျောင်းမှ ဆရာမများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအကြောင်းအရာများကို စိတ်ဝင်စားသူ (၃၀) ဦးတက်ရောက်လျက်ရှိနေကြောင်း သိရသည်။

သင်တန်းတွင် လူမှုဝန်ထမ်းလုပ်ငန်းရပ်များ၊ ECCD Law ၊Child Protection ၊ ပုံပြင်သင်ကြားခြင်း၊ ဘာသာစကားဖွံ့ဖြိုးမှု ၊ပတ်ဝန်းကျင်အခြေပြုသင်ကြားခြင်း၊ အစောပိုင်းကာလစာတတ်မြောက်မှု/အကူး အပြောင်းကာလအရေးကြီးပုံစသည်ဖြင့် ကလေးသူငယ်နှင့်သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော မူလတန်းကြိုကျောင်းများ၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများတွင် သင်ကြားပို့ချနေသောဆရာမများအား ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးနှင့် ပျိုးထောင်ရေးနည်းစနစ်ကို တတ်မြောက်ကျွမ်းကျင်စေရန်၊ မူလတန်းကြိုကျောင်းများတွင် "စံ"နမူနာပြုရမည့် သင်ကြားနည်းစနစ်များကို သိရှိနားလည်စေရန်၊ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် မူလတန်းကြိုပညာရေး၏အရေးကြီးပုံကို သိရှိနားလည်ပြီး အတွေ့ အကြုံ ဗဟုသုတမြင့်မားတိုးတက်စေရန်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မူလတန်းကြိုကျောင်းများမှ ဆရာမများအနေဖြင့် လူမှု ဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြုကလေးသူငယ်ကျွမ်းကျင်မှုဆိုင်ရာအောင် လက်မှတ်ရရှိစေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။

စိုင်းထွန်း (လားရှိုး)