မြစ်ကြီးနား ဇူလိုင် ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိ ပညာ ဗဟုသုတကြွယ်ဝစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်၉ နာရီခွဲအချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိနှစ်ခြင်းအသင်းတော်ကျောင်း ဟောခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့်အမှာစကား ပြောကြားပြီး ကချင်ပြည်နယ်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အိအိအေးက မိမိတို့ဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုင်းရင်းသားလူမျိုးများ၏ အကျိုးအတွက် ဆောင်ရွက်ပေးနေမှု အခြေ အနေများကို လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်ရေးရာနှင့်ပတ်သတ်သည့်အသိပညာများကိုလည်းကောင်း၊ ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို (ကသာ)က “အနာဂတ်အတွက်စာဖတ်ပါ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြ သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးကသက်ဆိုင်ရာတာဝန်ရှိသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေစက်)အတွက် အားကစားပစ္စည်းများနှင့် စာရေးဆရာအကြီးကိုကို (ကသာ)က ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ်တန်ဖိုး တစ်သိန်းခွဲရှိ သုတ/ရသ စာအုပ်များ လှူဒါန်းပေးအပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ အခြေခံပညာ အထက် တန်းကျောင်း(ရွှေစက်)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)