ရွာငံ ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၌ ဂေါ်ဖီထုပ်ကို ရွာငံ၊ ပင်းတယ၊ ကလောနှင့် ပင်လောင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မိုးကြို၊ မိုးလယ်၊ မိုးနှောင်းနှင့် စိုက်ပျိုးရေ လုံလောက် သော နေရာများ၌ နွေအခါ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။
မိုးကြိုစိုက်ပျိုးရာတွင် ပျိုးအိတ်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးကြပြီး အခြားရာသီများတွင် မြေဘောင်စနစ်ဖြင့် ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ ယခုရာသီတွင် ဂေါ်ဖီထုပ်မျိုးများထဲမှ ရာသီမရွေး စိုက်ပျိုးရန်ကောင်းသည့် ဈေးကွက်ဝင် ၀၄၂ မျိုးများကို စိုက်ပျိုးလာကြကာ တစ်ဧက လျှင် ပျိုးပင် (၁၀၀၀၀)မှ (၁၂၀၀၀) ဝင်ဆံ့ကြောင်း၊ စတင်ပျိုးထောင်သည့်နေ့မှစ၍ ရောင်းချချိန်ထိ ရက်ပေါင်း (၁၁၀)ခန့်တွင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချနိုင်ပြီး စိုက်ပျိုးစရိတ်အနေဖြင့် တစ်ဧက သိန်း (၆၀) ခန့်ကုန်ကျကြောင်းနှင့် ယခုအချိန်တွင် ဂေါ်ဖီတစ်ထုပ်အမြင့်ဆုံးဈေး (၁၄၀၀) ကျပ်မှ (၁၀၀၀)ကျပ်အထိ ဈေးနှုန်းရရှိလာသည့်အတွက် တောင်သူများ အဆင်ပြေလာကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဂေါ်ဖီထုပ်များကို ခြံပြတ်စနစ်ဖြင့်လည်းကောင်း၊ အထုပ်ကျွေးစနစ်ဖြင့်လည်းကောင်း ပွဲစားများ လာရောက်ဝယ်ယူကြပြီး ရန်ကုန်၊ မန္တလေး၊ မြဝတီ၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ မြင်းခြံ၊ နေပြည်တော်၊ အောင်ပန်း စသည့် မြို့အသီးသီးသို့တင်ပို့ရောင်းချကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်