ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက  အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူတမ္ပခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခင်စိမ်းဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြော အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရေးတို့ ရရှိစေရန် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ဦးဆောင်ကာ အဆိုပါအထက်တန်းကျောင်းမှ Grade - 10 ကျောင်းသား မောင်ခန့်ဇော်ဖြိုး၊ Grade - 10  ကျောင်းသူ မဟန်နီလင်း၊ Grade - 8 ကျောင်းသား မောင်အေးချမ်းဦးနှင့် Grade - 9 ကျောင်းသူ မအိမ့်ခူးခူးစံတို့က ကျား/မ တန်း‌တူ အခွင့်အရေးရရှိရေး၊ ငြိမ်းချမ်းရေးစသည့် ခေါင်းစဉ်များဖြင့်  ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့‌နောက် စကားဝိုင်းအပြီးတွင် ကျောင်းသား/သူလေးများက ကျောင်းဝန်း အတွင်းပြသထားသော နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။      အဆိုပါလူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့်၀န်ထမ်းများ အမှတ်(၇) အခြေခံပညာ အထက်‌တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလှိုင်နှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲကြကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)