သံတွဲ ဇူလိုင် ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီက တောင်ကုတ်ခရိုင် အဘေကျေးရွာရှိ THANTWE MARINE PRODUCT CO.LTD မှ ဆောင်ရွက်လျက်ရှိသည့် ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှေးဦးစွာ THANTWE MARINEPRODUCT CO.LTD မန်နေဂျင်းဒါရိုက်တာ ဦးးတင်မောင်ဌေးက ပုဇွန်၊ ဂဏန်းပျော့မွေးမြူဆောင်ရွက်နေမှုအခြေအနေများနှင့် ထုတ်လုပ်ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ပုဇွန်၊ ဂဏန်းပျော့မွေးမြူခြင်းမှ နိုင်ငံ့ဝင်ငွေရှာဖွေပေးလျက်ရှိပြီး THANTWE MARINEPRODUCT CO.LTD အနေဖြင့် စတင်တည်ထောင်သည့် ၂၀၁၇ ခုနှစ်မှစ၍ (၂၀၂၃) ခုနှစ် ဇွန်လအထိ (၆၈.၂၆၁)တန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၃ သန်းကျော် ရရှိခဲ့ကြောင်း မန်းနေဂျင်းဒါရိုက်တာ ထံမှသိရှိရသည်။ ထို့အပြင် အဆိုပါကုမ္ပဏီ အနေဖြင့် စမ်းသပ်မွေးမြူမည့် ဇီဝဇိုးငှက်မွေးမြူမည့် အဆောက်အဦဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ သက်ကယ်ပြင်ကျေးရွာရှိ တောင်သူ ဦးသန်းဝင်း၏ ဆင်းသွယ်လတ်မျိုးစေ့ထုတ် ပျိုးခင်း (၃.၀၀)ဧကစာ ပျိုးထောင်ထားရှိမှု၊ ရွှေညောင်ညိုကျေးရွာရှိ ဦးခင်မောင်ရီ၏ DYL ဝက် (၇၆)ကောင် မွေးမြူရေးခြံနှင့် မီးချောင်ထိုးကျေးရွာရှိ ဦးဇော်ဇော်မြင့်၏ ဥစားကြက် (CP) အကောင် (၈၀၀၀) မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယခုအောင်မြင်မှုများထက် ပိုမိုအောင်မြင်ရေးအတွက် ခေတ်မီနည်းစနစ်များကို လေ့လာ၍ လုပ်ငန်းများတိုးချဲ့လုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ပံ့ပိုးထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် လိုအပ်မှုများကို ဒေသဆိုင်ရာ ဦးစီးဌာနများနှင့် ဆက်သွယ်တင်ပြကြရန် မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကုတ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနတွင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်များက လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။ ၎င်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သံတွဲမြို့နယ် ပေါက်တောကျေးရွာရှိ ဦးခင်ရွှေ၏ CP ဥစားကြက် အကောင် (၁၀၀၀၀)မွေးမြူရေးခြံသို့လည်းကောင်း၊ ခရမ်းမော်ကျေးရွာရှိ ဦးဇင်ဖုန်းမြင့်၏ CP အသားကြက် အကောင် (၂၀၀၀)မွေးမြူရေးခြံ၊ တောင်သူ ဦးတင်ငွေ၏ ဆင်းသွယ်လတ် မျိုးစေ့ထုတ်စိုက်ခင်း (၂.၀၀)ဧကအတွက် ပျိုးထောင်ရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။
၎င်းနောက် သံတွဲမြို့ အမှတ်(၈)ရပ်ကွက်ရှိ THANTWE MARINEPRODUCT CO.LTD အအေးခန်းစစ်ရုံသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဌေးက ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါစက်ရုံသည် မြန်မာနိုင်ငံသားများပိုင်ဖြစ်ပြီး ကိုယ်ပိုင်ပုဇွန်ဖမ်းသင်္ဘော(၁၂)စီးရှိပြီး စက်ရုံနှင့်သင်္ဘောဝန်ထမ်းစုစုပေါင်း (၉၅၀)ဦးဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ရက်လျှင် ကုန်ချော (၅) တန်မှ (၁၀) တန်အထိထုတ်လုပ်လျက်ရှိကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဌေးထံမှ သိရှိရသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)