အမရပူရမြို့နယ်ရှိ ကွင်းအမှတ် (၅၈၀)၊ ဦးပိုင်အမှတ် (၁၅က/၁) နွေစပါးစံကွက်ရိတ်သိမ်း၊ စပါးအစို (၁၄၆) တင်းကျော် ထွက်ရှိ

အမရပူရ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံတော်ကချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မိုးစပါး တစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိရေး၊ နွေစပါးတစ်ဧက တင်း (၁၂၀) အထက် ထွက်ရှိရေးအတွက် စံပြကွက်များ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်ဆောက်တောဝကျေးရွာ၊ ကွင်းအမှတ် (၅၈၀)၊ ဦးပိုင်အမှတ် (၁၅က/၁) တောင်သူဦးစောကိုသိန်း၏ (ရွှေသွယ်ရင်) စံပြစိုက်ခင်းကို ရိတ်သိမ်းရာ နွေစပါးအစို (၁၄၆) တင်းကျော် ထွက်ရှိကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲကို အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုးဆွေရည်နှင့် ဝန်ထမ်းများက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး စံကွက်ရိတ်သိမ်းပွဲသို့ အမရပူခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စာရင်းအင်း ဦးစီးဌာနမှူး ဦးမျိုးသန့်တင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမျိုးမော်နှင့်ဝန်ထမ်းများ တက်ရောက်အားပေးခဲ့ကြသည်။

အဆိုပါ နွေစပါးစံကွက်(ရွှေသွယ်ရင်) စပါးမျိုးရိတ်သိမ်းရာတွင် တစ်ဧက အစို (၁၄၆) တင်း ကျော်ထွက်ရှိကြောင်း၊ အထွက်နှုန်းကောင်းမွန်လျက်ရှိပြီး အမရပူရမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေစပါး စုစုပေါင်း (၇၃၇၆) ဧကစိုက်ပျိုးခဲ့ရာ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးဧက (၁၀၀၀) ပါဝင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမိုးဆွေရည်၏ ပြောကြားချက်အရ သိရသည်။

စိုးသီဟ(အမရ)