လှည်းကူးပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ

လှည်းကူး ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် လူငယ်လူရွယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ်ရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က လူငယ်များသည် နောင်တချိန်တွင် ခေါင်းဆောင်များဖြစ်လာနိုင်သည့်အတွက်လူငယ် ဘဝကိုအကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတပြည့်ဝစေရန်အတွက် စာပေများကိုလေ့လာဖတ်ရှုကြရန်နှင့် ထူးချွန်ထက်မြက်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး  ဒေါ်ခင်ဝင်းကြည်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် လူငယ်များ ဗဟုသုတများစွာတိုးပွားစေသည့်အတွက် ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်) ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကထိက ဒေါ်ကေသီလှိုင်တို့ကဦးဆောင်၍ ကျောင်းသား/ သူ(၆)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသိပညာ ဗဟုသုတများကို ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။

ထို့နောက်ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ သူများက သိရှိလိုသည်များကို ပြန်လည်၍မေးခွန်းများမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများအားကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှည်းကူးမြို့နယ်ရုံးမှပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ ဆက်)