နမ့်စန်မြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

နမ့်စန် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်များ ထမ်းဆောင်မည့် အထူးရဲသင်တန်းများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို  Covid-19 Rapid Diagnostic Test (RDT) Test Kit များဖြင့် ယနေ့ နံနက်၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦးနှင့် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက အထူးရဲသင်တန်းသား ၇၉ ဦး၏ နှာခေါင်းတို့ဖတ်များကို RDT Test Kit များဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ စစ်ဆေးနေမှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ နမ့်စန်မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲမှူးမိုးထွန်းနှင့် တောင်တန်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့ အပါအဝင် မဲရုံ ၁၀၃ ၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၀၃ ဦးရှိပြီး နမ့်စန်မြို့တွင် တာဝန်ကျသည့် အထူးရဲ ၇၉ ဦးကို နမ့်စန်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးကာ ခိုလမ်မြို့တွင် တာဝန်ကျ သည့် ၂၄ ဦးကို ခိုလမ်မြို့ပြည်သူ့ဆေးရုံတွင် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးမှုအဖြေများကို ထုတ်ပြန်ကြေညာ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်နိုင်ဦး ထံမှသိရသည်။

သူရအောင်(ပြန်/ဆက်)