မိတ္ထီလာ ဇူလိုင်၆
မိတ္ထီလာပညာရေးဒီဂရီကောလိပ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲနှင့် ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကောလိပ်ရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးနှင့် ပညာပါရမီ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပလပ်စတစ်သုံးစွဲမှု ကင်းစင်လျော့ကျစေရေး အသိပညာပေးကမ်ပိန်းကို မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ရှေ့ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမအနီးတွင် ပြုလုပ်ရာ လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်၊ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ် ဒေါ်စုလတ်ထွေး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးသည်။ ဆက်လက်၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေး အသိပညာပေးဟောပြောပွဲကို မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ပညာပါရမီခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၍ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသောမြို့များ ဖြစ်ပေါ်လာစေရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး မိတ္ထီလာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဒေါ်စုလတ်ထွေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပညာရေး ဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်သည်။
၎င်းအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအမျိုးသမီးငယ်များ အဖွဲ့နှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ အသိပညာပေး တေးသရုပ်ဖော်များ၊ သရုပ်ဖော်ပြဇာတ်တိုများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချမ်းသာ