လားရှိုး ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာအနီးတွင် အဓိကစိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများ လှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်သဖြင့် ဈေးကွက်အတွင်း ဈေးအနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်း စိုက်ပျိုးသည့် နာနတ်သီးများမှာ ဇွန်လအတွင်းမှစတင်ထွက်ရှိလာပြီး ဇူလိုင်လတွင် သစ်သီးဈေးကွက်အတွင်းသို့ နာနတ်သီးရောင်းချသူ အများအပြားရှိနေကြောင်း သိရသည်။
" နာနတ်သီးက အခု အထွက်များတဲ့အချိန်ရောက်နေပြီ။ အရင်တစ်ပတ်လောက်ကတောင် တစ်လုံး နှစ်ထောင့်ငါးရာ၊ သုံးထောင်လောက်ဈေးရှိတယ်။ အခု ဒီတစ်ပတ်မှာတော့ တစ်လုံးကို တစ်ထောင့်ငါးရာ၊ နှစ်ထောင်ဈေးလောက်ပဲရှိတော့တယ်။ ပျံကျနာနတ်သီးဈေးသည်တွေလည်း တော်တော်များလာတယ်။" ဟု နာနတ်သီးရောင်းချသူတစ်ဦးက ဆိုသည်။ လားရှိုးမြို့နယ်အတွင်းထွက်ရှိသည့် နာနတ်သီးများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လောက်ကိုင်၊ မူဆယ်မြို့များသို့ အဓိက တင်ပို့ရောင်းချကြကြောင်းသိရသည်။
စိုင်းထွန်း (ပြန်/ ဆက်)