ကျောက်ပန်းတောင်း ဇူလိုင် ၆
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် One Village One Product လုပ်ငန်းစီမံချက် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၃)နာရီက ဝါးလက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာရှိ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားများအား ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ရွာလုကျေးရွာသည် ဝါးလက်မှုလုပ်ငန်းဖြစ်သည့် တောင်း၊ ဆန်ကော၊ ဆန်ကာ၊ ဝါးအုပ်ဆောင်း၊ ရေအိုးဖုံးနှင့် တင်းတောင်း၊ စိတ်တောင်း၊ ခွဲတောင်း၊ ပြည်တောင်းအစရှိသည့် ဝါးနှင့်သက်ဆိုင်သည့် ထုတ်ကုန်များကို မိသားစုလိုက်၊ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရပြီး၊ အဆိုပါ ကျေးရွာကို မြို့နယ်သမဝါယမဦးစီးဌာနမှ One Village One Product စီမံချက်ဖြင့် လချင်းဆပ် ချေးငွေများ ထုတ်ချေးခြင်းဖြစ်၍ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ ကျေးရွာကော်မတီမှတဆင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါချေးငွေပေးအပ်ခြင်းကို၊ ရွာလုကျေးရွာ လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၊ ကျေးရွာကော်မတီဥက္ကဋ္ဌ ဦးလှငွ၏ နေအိမ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ အသင်းသား ၄၀ ဦးတို့အား တစ်ဦးလျှင် ချေးငွေ ကျပ် (၂)သိန်း နှုန်းဖြင့် စုစုပေါင်းချေးငွေ ကျပ်သိန်း(၈၀)ကို ကျေးရွာကော်မတီဥက္ကဋ္ဌက အသင်းသား တစ်ဦးချင်း လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများမှာ လချင်းဆပ်စနစ်ဖြစ်၍ ချေးငွေကာလမှာ (၁၀)လဖြစ်ကြောင်း သိရပြီး၊ အတိုးနှုန်းမှာ (၁ကျပ်၊ ၇၅ ပြား)ဖြစ်ကြောင်း သိရသည်။ ချေးငွေပေးအပ်ပွဲသို့ ကျေးရွာအသင်းဥက္ကဋ္ဌ ဦးလှငွေနှင့် ကော်မတီဝင်များ၊ ကျေးရွာလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းဝင် တောင်သူများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)