ဝိုင်းမော် ဇူလိုင် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပလာစေရေး အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန် ရှိသူများနှင့် အတူ မြစ်ကြီးနား- ဝိုင်းမော်သွားလမ်း နမ့်မြစ်ခတံတားအနီးမှ စတင်၍ ဝိုင်းမော်မြို့ အဝင် ဆိုင်းဘုတ်အထိ လမ်းဘေးဝဲ/ယာတို့တွင် စိန်ပန်းနီပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး ဝိုင်းမော်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ဧရာမော်ပန်းခြံအား အများ ပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ပန်းခြံအားမြို့ အင်္ဂါရပ်နှင့်အညီ တတိယအဆင့် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ စီမံကိန်းများ ဖြစ်သည့် ပန်းခြံရှေ့ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရံ ခြင်း၊ ပန်းခြံ၏ တိုးချဲ့မြေဧရိယာ (၂၂၀)ပေတွင် မြေယာရှုခင်းပြုပြင်၍ ပန်းအဝိုင်းပြုလုပ် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ကွန်ကရစ်လျှောက်လမ်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက် (၄) နယ်မြေ(၁) လမ်းသွယ် (၁၆) အရှည် ပေ (၂၇၀) အား ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရပ်ကွက် (၂)အတွင်း ဦးအောင်ဇေယျ လမ်း အရှည် (၄၃၀)ပေအား အပိုင်း(၂)ပိုင်းခွဲ၍ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးဝင်းအတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဉ်အတွင်း မြို့တွင်းလမ်းဘေးဝဲ/ယာများနှင့် အဝိုင်းပတ်များအတွင်း စိုက်ပျိုး ဆောင်ရွက်နိုင်ရေး အလှပန်းပင်များ၊ အရိပ်ရအပင်များ ပြုစုပျိုးထောင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့သည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးသွားလမ်းကြောင်းနှင့် ဗန်းမော်ခရိုင်သွားလမ်းပေါ်တွင် တည်ရှိသည့် မြို့တစ်မြို့ဖြစ်သည့်အတွက် မြို့၏ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာသည်နှင့် အမျှ သန့်ရှင်းသပ်ရပ်မှုရှိပြီး စိမ်းလန်းစိုပြေနေစေရေး ဝန်ထမ်းများအနေဖြင့် မြို့နေပြည်သူလူထုက ပူးပေါင်းပါဝင်လာစေရန် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်