တာချီလိတ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရုံးဝန်ထမ်းများက ဈေးများသို့ သွားရောက်ပြီး ပြည်သူများအားရွေးကောက်ပွဲနှင့် မဲစာရင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကော်မရှင်ရုံးမှဝန်ထမ်းများသည် မြို့မဝမ်ကောင်း ဈေးနှင့် ရှမ်းရိုးမကွင်းရှိ ယာယီသား/ငါး ဟင်းသီးဟင်းရွက်ဈေးတို့တွင် ရွေးကောက်ပွဲနှင့်မဲစာရင်းဆိုင်ရာ အသိပညာကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌမှ ပြောကြားခဲ့ သည်။
လူတိုင်းမဲပေးခွင့်မဆုံးရှုံးစေရန် မဲစာရင်းတွင် မိမိအမည် ပါ/မပါ၊ မြို့နယ်ကော်မရှင်ရုံးနှင့် ရပ်/ကျေးကော်မရှင်ရုံးများတွင် သွားရောက်စစ်ဆေးကြရန်နှင့် အွန်လိုင်းမှလည်း ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်ကြောင်း၊ "မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ သွားရောက်စစ်ဆေးဖို့ မမေ့ပါနဲ့၊ "အတူတကွမဲပေးကြစို့" စသည့် စာတမ်းပါအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယခုအကြိမ်သည် မဲဆန္ဒရှင်စာရင်း၌ မိမိ၏ အမည်ပါဝင်မှု ရှိ/မရှိ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့် အရေးဖြစ်ကြောင်း လည်း သိရှိရသည်။
ယာဆေး (ပြန်/ဆက်)