မိုင်းယောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

မိုင်းယောင်း ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ ညနေ နာရီခွဲက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သော Book Club Youth Club Woman Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်စံဝင်၏ ရည်မှန်းရမည့်ပန်းတိုင်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင်ပြည်သူများအချင်းချင်း မိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ကြိုးပမ်းမှုနှင့်ပန်းတိုင်အကြောင်း၊ Woman Club ဥက္ကဋ္ဌ ဒေါ်နန်းဘွန်းပန်ကဆန္ဒနှင့်ပန်းတိုင်အကြောင်း၊ စာကြည့်တိုက်လက်ထောက်- ဒေါ်ဝေဝေခိုင်ကအချိန်နှင့်ပန်းတိုင်အကြောင်း၊ Book Club အဖွဲ့ဝင် ဦးရဲရင့်အောင်က စီမံချက်နှင့်ပန်းတိုင်အကြောင်း၊ အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်ကအခက်အခဲကိုကျော်လွှားခြင်းနှင့် ပန်းတိုင်အကြောင်းနှင့် Youth Club အတွင်းရေးမှူး ဦးအောင်ဆန်းဦးက “မျှော်လင့်ချက်နှင့်ပန်းတိုင်အကြောင်းကို ဖတ်ကြားခဲ့ကြသည်။

ယင်းနောက် မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာနှင့် ရရှိလာသော အသိပညာဗဟုသုတများ၊ စိတ်ခွန်အားများ၊ အသိအမြင်များနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ စာပေဆိုင်ရာအသိအမြင်နှင့် အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

စိုင်းအောင်ဇော်လင်း