မိုင်းဆတ်မြို့၌ မိုးရာသီမုတ်သုံဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးရာသီမုတ်သုံဖလား ကလပ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲက အောင်ဇေယျ ဘက်စုံအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၄) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက  မိုးရာသီမုတ်သုံဖလား ကလပ်ပေါင်းစုံ အမျိုးသား (အလွတ်တန်း) ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲသည် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒဖြစ်သည့် “မြန်မာ့အားကစားမှ ကမ္ဘာ့အားကစားသို့” ဆောင်ပုဒ် နှင့်အညီ မြင့်မားသော ရည်မှန်းချက်၊ တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက် ကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားကဏ္ဍအောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကို ထင်ဟပ်စေ ပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ပြိုင်ပွဲမှ ထူးချွန် ထက်မြက်သည့် အားကစားသမားများ ပေါ်ထွန်းစေလိုပါကြောင်း၊ ကစားသမားများအနေဖြင့် အားကစား စည်းမျဉ်းစည်းကမ်းနှင့် အညီ ယှဉ်ပြိုင်ကစားကြစေလိုပါကြောင်း အမှာစကား ပြောကြား သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အား သံပြိုင်ရွတ်ဆိုခဲ့ကြပြီး အမှတ်(၁၄) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မိုးရာသီမုတ်သုံဖလားကလပ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအနေဖြင့် မီးသတ်(F.S.D) အသင်းနှင့် Dominion အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲကို ဇူလိုင်လ (၅)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း(၁၁)သင်းဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ် ကြောင်း မိုင်းဆတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)