အလုံ ဇူလိုင် ၆
ကျောင်းသား၊ လူငယ်များအနေဖြင့် စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ ပြောတတ်စေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဥ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၂)ဦးက မိမိတို့ဖတ်ရှုခဲ့သည့် စာအုပ်ပါ အကြောင်းအရာများ၊ အဆိုပါစာအုပ်ဖတ်ရှုခြင်းဖြင့် ရရှိသောအကျိုးကျေးဇူးများအကြောင်းကို ပြောကြားယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အကဲဖြတ်ဒိုင်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုနှင့် Book Club အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးထင်ဇော်လတ်တို့က ဆောင်ရွက်ခဲ့သည်။
ထို့နောက် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပြီး အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် သင်တန်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို(ပြန်/ဆက်)