တောင်ကုတ်မြို့နယ်၌ ဟင်းသီးဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်ကုတ် ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချ ရသည့် ဟင်းသီးဟင်းရွက်များကို အလွယ်တကူ ခူးဆွတ်စားသုံးနိုင်ရေးနှင့် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်မျိုးစေ့များကို ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက ပြည်သူများ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုးပြီး အလွယ်တကူခူးဆွတ်စားသုံးနိုင်ရန်နှင့် စီးပွားဖြစ်စိုက်ပျိုး တတ်သည့် အလေ့အထကောင်းများရရှိစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲက ထုတ်လုပ်သည့် မျိုးစေ့များကို ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်တာဝန်ရှိသူများက ဟင်းသီးဟင်းရွက် မျိုးစေ့များကို ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ လွှဲပြောင်းပေးအပ်သည်။

ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ခရမ်း(မျိုးစုံ)၊ သခွား၊ ငရုတ်(မိုးထောင်)၊ ငရုတ်(မိုးထောင်ဖြူ)၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး(ကျောက်စိမ်း)၊ ပဲလင်းမြွေနှင့် ပဲစောင်းလျား မျိုးစေ့ထုတ် စုစုပေါင်း (၁၉၃၆) ထုတ်ကို ကျေးရွာအုပ်စု(၃၈)စု ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)