အမှတ်(၇)ရပ်ကွက်ပရဟိတအဖွဲ့မှ အခြေခံစားသောက်ကုန်ဟင်းသီးဟင်းရွက်များ “လိုအပ်သရွေ့ယူ စေတနာဖြင့်အလှူငွေပြန်ထည့်” အစီအစဉ်ဖြင့် ရပ်ကွက်များအတွင်း ဖြန့်ဝေ

ပန်းဘဲတန်း အောက်တိုဘာ ၁၂


ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်မှ ပရဟိတအဖွဲ့များသည် ပြည်သူများ Stay at Home နေထိုင်သည့်ကာလအတွင်း မလိုအပ်ပဲ နေအိမ်ပြင်ပထွက်ခွာခြင်းမရှိရန် ရည်ရွယ်ချက်ဖြင့် ရပ်ကွက်များအတွင်း ဟင်းသီးဟင်းရွက်များကို လိုအပ်သရွေ့ယူပြီး စေတနာရှိသ၍ အလှူငွေပြန်ထည့်ခြင်းအစီအစဉ်ဖြင့် ယမန်နေ့ကဖြန့်ဝေကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်သည် ကိုဗစ်-၁၉ရောဂါကူးစက်မှုများပြားသည့်အတွက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်ခွာသွားလာခြင်းမရှိစေရန်၊ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် အမှတ်(၇)ရပ်ကွက်ပရဟိတအဖွဲ့မှ အခြေခံ စားသောက်ကုန်ဟင်းသီးဟင်းရွက်များကို ရပ်ကွက်များအတွင်း ကားဖြင့်လှည့်လည်ပြီး ပြည်သူများမှ မိမိအိမ်တွင် စားသောက်ရန်လိုအပ်သောဟင်းသီးဟင်းရွက်များကိုယူပြီး စေတနာဖြင့် အလှူငွေပြန်လည်ပါဝင်ခြင်းဖြင့် ရပ်ကွက်များအတွင်းဖြန့်ဝေဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေခြင်းအစီအစဉ်ကို အမှတ်(၇)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင် ဦးဆောင်၍ အလှူရှင်များမှ မတည်ငွေလှူဒါန်းပေးခြင်းဖြစ်ပြီး အမှတ်(၇)ရပ်ကွက် ပရဟိတအဖွဲ့နှင့် အချို့ရပ်ကွက်များမှ ပရဟိတအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေခြည်(ပြန်/ဆက်)