ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ()နာရီက မှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန် စာပေဖတ်ရှုကြဖို့လိုကြောင်း၊ စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားကာ အမှား/အမှန်ခွဲခြား သိမြင်လာမှာဖြစ်ပါကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုနှင့် မှုခင်းကာကွယ်ရေးအတွက် ဥပဒေများ၊ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးအောင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show အစီအစဥ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ